ဖောင်းပြင်မြို့နယ်တွင် တစ်ဖက်တစ်လမ်းမှဝင်ငွေရသည့် ကွမ်းသီးပင်များစိုက်ပျိုး

ဖောင်းပြင် ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာတွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့် ကွမ်းသီးပင်များကို ခြံစည်းရိုးတစ်လျှောက်တွင် စိုက်ပျိုးထားပြီး ကွမ်းသီးရောင်းချခြင်းဖြင့် နှစ်စဉ်မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

" ကွမ်းသီးက လက်ရှိပေါက်ဈေး သုံးသောင်းကျပ်ရှိပြီးတော့ နှစ်တိုင်းမှာ ကွမ်းသီးရောင်းရတဲ့ ငွေက  ဆယ်သိန်းဝန်းကျင်ရပါတယ်။ ကွမ်းသီးပင်တစ်ပင်က အနည်းဆုံး တစ်သောင်းရဲ့အထက်မှာ ရရှိမယ်လို့ခန့်မှန်းပါတယ်။ တစ်ပင်ကို အလုံးရေ တစ်ရာသီးမယ်ဆိုရင် လက်ရှိပေါက်ဈေးနဲ့ နှစ်သောင်းရနိုင်ပါတယ်။ အလုံးရေအများဆုံး လေးရာအထိသီးပါတယ်။ ကွမ်းသီးပင်က ရေနစ်လည်းခံနိုင်ပြီးတော့ ပေါင်းမြက်ရှင်းဖို့လည်းသိပ်မလိုဘူး ပြီးတော့မြေဩဇာလည်းကျွေးစရာမလိုလို့ ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေရတဲ့အပင်မျိုးဖြစ်ပါတယ်" ဟု ပိုးစာကုန်းကျေးရွာက ဒေါ်မြစိန်က ပြောပြသည်။

 

ကွမ်းသီးများအား ဒေသတွင်းသာမက အခြားဒေသများမှ မှာယူသူများရှိပြီး ခြံစည်းရိုးတစ်လျှောက်တွင် စိုက်ပျိုးထားသည့် ကွမ်းသီးပင်အရေအတွက် ၆၅ပင်မှ နှစ်စဉ်ပျမ်းမျှငွေကျပ် ၁၀၀၀၀၀၀ အထိ ရရှိနေကြောင်း သိရသည်။

ကွမ်းသီးပင်အား အပင်ခြား ၃ပေမှ ၄ပေခြား စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပြီး ၇နှစ်မှ ၉နှစ်အတွင်း အသီးစတင်သီးနိုင်ကြောင်း၊ ကွမ်းသီးပင်တစ်ပင်လျှင် အသီးအလုံးရေ ၄၀၀ခန့်အထိသီးနိုင်ပြီး ခြံစည်းရိုးတွင်စိုက်ခြင်းဖြင့် မြေနေရာအထူးပေးစရာမလိုဘဲ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)