ဖောင်းပြင် ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးခြင်းကို ပျိုးထောင်၍စိုက်ပျိုးခြင်း ထက်တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းကိုသာ ပိုမိုလုပ်ဆောင်လာကြကြောင်း စပါးစိုက်တောင်သူများ ထံမှသိရသည်။
" ပျိုးထောင်ပြီးစိုက်တာက ပျိုးနုတ်ခနဲ့ ကောက်စိုက်စရိတ်ပိုကုန်တယ်။ ပြီးတော့ ပျိုးသယ်ယူရတဲ့ လူငှားစရိတ်လည်းကုန်တယ်။ ဒီဒေသမှာက ကုန်ဈေးနှုန်းတွေကြီးလာတာနဲ့အမျှ လုပ်အားခတွေ လည်းများလာတာပါ။ ပျိုးထောင်စိုက်တာနဲ့ အစေ့ချစိုက်တာက စပါးအထွက်နှုန်းလည်း သိပ်မကွာဘူး။ ပျိုးထောင်စိုက်လို့ တစ်ဧကမှာ စပါးတင်း ၈၀ထွက်ပြီးတော့ အစေ့ချစိုက်လို့ ၆၀ထွက်ရင် အစေ့ချစိုက်တာက ကုန်ကျစရိတ်သက်သာတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်မို့ ကုန်ကျစရိတ်သက်သာတဲ့ တိုက်ရိုက်အစေ့ပြီးစိုက်တဲ့စနစ်နဲ့သာ စိုက်လာကြတာဖြစ်တယ်" ဟု အင်ကြင်းမြိုင်ရပ်ကွက်က တောင်သူဦးတင့်ဆွေက ပြောသည်။
မိုးစပါးတစ်ဧက စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးပါက စုစုပေါင်းကုန်ကျစရိတ် ငွေကျပ် ၄၀၀၀၀၀ ခန့်ရှိပြီး၊ အစေ့ချစိုက်ပျိုးပါက ငွေကျပ် ၁၈၀၀၀၀ ခန့်သာ ကုန်ကျမှုရှိနိုင်ကြောင်း ၎င်းထံမှသိရသည်။
တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးစိုက်ဧကပေါင်း ၅၄၅၅၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ ယခင်နှစ်က ၅၃၄၅၈ ဧစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကသိရပြီး မိုးကောင်းသောက်နှင့် ချောင်းရေ၊ မြောင်းရေသွင်း စပါးစိုက်ကွင်းများရှိ တောင်သူများက အများအားဖြင့် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မြစ်ရေဝင်ရောက်သည့် စပါးစိုက်ကွင်းများက စိုက်ပျိုးရန်ဆက်လက် လုပ်ဆောင်နေကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)