တောင်တွင်းကြီး သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ဖြိုးထက်ထက်အောင်က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ဦးစီးအရာရှိ ဦးပြည့်မောင်က မဲပေးစက်များ စစ်ဆေးခြင်း အကြောင်းအရာများ၊ ရွေးကောက်ပွဲရက်မတိုင်ခင် မဲရုံ၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ မဲရုံဖွင့်ချိန် မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် (MEVM) ကိုင်တွယ်အသုံးပြုနည်း၊ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန် အခြေအနေများ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများရေတွက်ရမည့် အခြေအနေစသည့် အကြောင်းအရာများကို power point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက လက်တွေ့မဲပေးစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)