မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းနှင့်လူငယ်စကားဝိုင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မော်လမြိုင် ဩဂုတ် ၂၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကွမ်သဲ(အ.ထ.က)ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းများဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနတာဝန်ရှိသူများလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများက ကွမ်သဲ(အ.ထ.က)ကျောင်းအတွင်း ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများ၊ သွားနှင့်ခံတွင်းအထွေထွေစစ်ဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးသတ်မှတ်စံနှုန်းများနှင့်အညီ အာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများက အဆိုပါကျောင်း အောင်သပြေခန်းမ၌ပြုလုပ်သည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုလူငယ်စကားဝိုင်းသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးဆိုတဲ့အချက်နှင့်အညီ လူငယ်များ၏ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့အဓိကလိုအပ်ကြောင်း၊ လူငယ်စကားဝိုင်းများကို ကျောင်းသားလူငယ်များကြားမျှဝေခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းစွမ်းရည်များ တိုး တက်လာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန်နှင့် လူငယ်များဉာဏစွမ်းရည်မြင့်မားတိုးတက်လာစေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ အားကစားပြိုင်ပွဲ၊ မူးယစ်ဆေးဝါးအသိပညာပေး ဟော ပြောပွဲ၊ နည်းပညာနှင့်ကိုယ်ကျင့်အဘိဓမ္မာသင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုများကိုအားပေးဆောင်ရွက်လျက်ရှိရာ အားလုံးသိရှိပြီးဖြစ်ကြောင်း၊ လူငယ်စကားဝိုင်းများမှ သဘောထားအမြင်များကျယ်ပြန့်လာခြင်း၊ ဗဟုသုတများတိုးပွားလာခြင်း၊ စကားပြောစွမ်းရည်များတိုးတက်လာခြင်း၊ နားထောင်မှုစွမ်းရည်မြင့်မားလာခြင်း၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာခြင်း၊ ပြဿနာရပ်များကိုမတူညီသောအမြင်များဖြင့်ဖြေရှင်းနိုင်ခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်များတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမှာဖြစ်ပြီး ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသကဲ့သို့ ယခုလူငယ်ဘဝတွင် သင်ယူထိုက်တာတွေကို သင်ယူခဲ့ကြမှသာအရည်အချင်းရှိတဲ့ဦးဆောင်သူတွေဖြစ်လာကြမှာဖြစ်၍ မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊  နိုင်ငံ၏အကျိုးကိုသယ်ပိုးနိုင်သည့်သားကောင်းသမီးကောင်းများဖြစ်လာစေရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ချောင်းဆုံမြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မိသူဇာက ဦးဆောင်ဆွေး နွေးသူအဖြစ်ဆောင်ရွက်ကာ ပါဝင်ဆွေးနွေးသူများအဖြင့် (Grade-12)ကျောင်းသားမောင်အောင်ပြည့်ဖြိုးက “မူးယစ်ဆေးဝါး ၏ဆိုးကျိုး”၊ (Grade-10) ကျောင်းသားမောင်ပညာသွန်းက“ မူးယစ်ဆေးဝါးသုံးစွဲ ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာ”၊ (Grade-12) ကျောင်းသူမခိုင်ဝါမြင့်က “မူးယစ်ဆေးဝါး အမျိုးအစား”နှင့် (Grade-10)ကျောင်းသူမဖြူစင်အေးမင်းက “မူးယစ်ကင်းစင်ရေးအတွက်လုပ်ဆောင်ရမည့်အချက်” စသည့်‌ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ကွမ်သဲ(အ.ထ.က)ကျောင်း ဘင်ခရာ တီးဝိုင်းအတွက်လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ချီးမြှင့်ငွေကျပ် သိန်း(၃၅၀)နှင့်လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူနှင့်ပါဝင်ဆွေးနွေးခဲ့ကြသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး မွန်ပြည် နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက လူငယ်စကားဝိုင်းတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)