မော်လမြိုင် ဩဂုတ် ၂၈
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာကောက်ခံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၆ ရက်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အတ္ထရံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနိုင်လယိတမ က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၏ တစ်မြို့နယ်ချင်းအလိုက်အခွန်ကောက်ခံရရှိမှုများ၊ အခွန်ထမ်းသစ်ဖော်ထုတ်နိုင်မှုများ၊ အခွန်ကြွေးကောက်ခံရရှိမှုများ၊ သတင်းစာရင်းရရှိမှုအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အခွန်ပညာပေးဆောင်ရွက်ထားမှုအခြေအနေများကိုသိရှိလိုသည့်အတွက် ယနေ့အစည်းအဝေးကိုခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများမှလည်း မိမိတို့မြို့နယ်အတွင်း မိမိလုပ်ငန်းတာဝန်များအကောင်အထည်ဖော်ဆောင်ရွက်ရာမှာလိုအပ်ချက်များ၊ အခက်အခဲများရှိပါကတင်ပြစေလိုကြောင်း၊ မိမိတို့ဘက်မှလည်း တတ်နိုင်သရွေ့ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူးဦးဂျွန်စိန်ဂီက အခွန်ထမ်းပြည်သူများ အခွန်ပညာပေးလုပ်ငန်းများကို ဌာနမှသတ်မှတ်ပေးထားသည့်သတ်မှတ်ရက်အတိုင်းဆောင်ရွက်ရန်၊ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရသည့်လုပ်ငန်း(၅)မျိုးအား စိစစ်၍ ပျက်ကွက်မှုများအားအရေးယူဆောင်ရွက်ရန်၊ အခွန်ကြွေးသစ်များအား ပထမ(၆)လပတ်ကုန်တွင် အပြေအကြေကောက်ခံရရှိစေရေးတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူးများက အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား Power Point ဖြင့်ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးကလိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)