အောင်လံမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

အောင်လံ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း(ဘုံကျောင်း)၌ ကျင်းပခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ပေးခြင်း၊ တစ်ဦးချင်း ကျောင်းကျန်းမာရေး မှတ်တမ်းကတ်များရေးသွင်းဆောင်ရွက်ပေးခြင်း၊ သွားဆရာဝန်က ကျောင်းသား၊ ကျောင်းသူများအား သွားကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ သွားနှုတ်ရန်လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများအား သွားများ နှုတ်ပေးခဲ့ကြောင်း သိရသည်။

အာကာ(အောင်လံ)