မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် မိုးရာသီ(စတုတ္ထအကြိမ်)သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်

မကွေး သြဂုတ် ၂၈

မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုမျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီ(စတုတ္ထအကြိမ်) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စု၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်များ၊ အသင်းအဖွဲ့များ၊ မကွေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလတွေမှာ သစ်ပင်စိုက်ပျိုးပွဲတော်များကို မကွေးတိုင်းဒေသကြီးအစိုးရက ဦးဆောင်ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပြန့်ပြန့်နှံ့နှံ့ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ၂၂-၅-၂၀၂၅ ရက်နေ့က မင်းဘူး-ပဒါန်း-အမ်းကားလမ်း မိုင်တိုင်အမှတ်၊ ၇ မိုင် ၄ ဖာလုံမှာ ပထမအကြိမ်၊ ၆-၆-၂၀၂၅ ရက်နေ့က အမှတ်(၅)စက်မှုသင်တန်းကျောင်းမှာ ဒုတိယအကြိမ်၊ ၂၈-၆-၂၀၂၅ ရက်နေ့က မကွေးတက္ကသိုလ်အရှေ့ဘက် အောင်စေတနာရပ်ကွက်တွင် တတိယအကြိမ်ဆောင်ရွက်ခဲ့ပြီး ယနေ့ သစ်ပင်စိုက်ပျိုးပွဲသည် စတုတ္ထအကြိမ်မြောက် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ မြေပေါ်သယံဇာတဖြစ်သည့် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရေး၊ စိတ်ခံစားမှုကောင်းစေရန်အတွက် သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေး သစ်တောသစ်ပင်များကို ပြည်သူလူထုက ပူးပေါင်းပါဝင် ဝိုင်းဝန်းထိန်းသိမ်းရန်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးသွားတာကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် အပူချိန်လျော့နည်းစေပြီး ရာသီဥတု မျှတကောင်းမွန်လာစေရန်၊ သဲကန္တာရဖြစ်ထွန်းမှုကို တားဆီးကာကွယ်နိုင်ရန်နှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ ဒီကနေ့ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားမှာ အပူပိုင်းဒေသမျိုးရင်း သစ်မျိုး (၁၁)မျိုး၊ သစ်ပင်ပေါင်း (၁၀၀၀)ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် တိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးတက်များပြားလာပြီး သစ်တောသယံဇာတများ ပေါများလာ၍ ဇီဝမျိုးစုံမျိုးကွဲများ စုံလင်သော အပူပိုင်းဂေဟစနစ် ပြန်လည်ကောင်းမွန်တည်တံ့လာအောင် သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့သစ်တောလုပ်ငန်းများ၊ သစ်တောပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စိုက်ခင်းများတည်ထောင်ခြင်း၊ စံပြတမာစိုက်ခင်း၊ အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်း (Greening Complex Zone)၊ တစ်ရွာ ၂ ဧက၊ တစ်အိမ်ထောင် ကျွန်း ၃ ပင်၊ သစ်မာအပင် ၂၀ အစရှိတဲ့ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို သစ်တောဦးစီးဌာနနှင့် စိမ်းစိုဦးစီးဌာနတို့အား အလေးထားဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်းသည် အနာဂတ်မျိုးဆက်သစ်များအတွက် ရေရှည်သဘာဝ ရင်းနှီးမြှုပ်နှံမှုဖြစ်သလို နိုင်ငံ၏ ကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်ခြင်းလည်းဖြစ်ပါကြောင်း၊  “နှစ် ၂၀ တစ်ဝိုက် အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင်၊ ခုချိန်စိုက်က နောက်မကျ၊ ဒုတိအကြိမ် အကောင်းဆုံးပ” ဟူသော ဆိုရိုးစကားနှင့်အညီ ယခုအချိန်သည် သစ်ပင်စိုက်ပျိုးရန် ဒုတိယအကြိမ် အကောင်းဆုံးအချိန်အခါဖြစ်သည့်အတွက် အခု မိုးလရာသီမှာ ပြည်သူများအနေဖြင့် မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် သစ်ပင်များစိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးပြီးသစ်ပင်များကို ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန်အတွက် မိုးရာသီ မြေဆီစိုခိုက် အချိန်ကောင်းမှာ သစ်တောသစ်ပင်များစိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်မှသည် စုပေါင်း၍ တက်ညီလက်ညီအလေးထားပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မကွေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၈၀၀) ဦးဖြင့် တမာ (၂၅၀)ပင်၊ မယ်ဇလီ (၁၀၀)ပင်၊ ဆီးဖြူ (၁၀၀)၊ ဖန်ခါး (၂၀)၊ မန်ကျည်း (၁၅) ခရေ (၅၀)ပင်၊ ပိတောက် (၂၀၀)၊ တပြေဘူတ (၅၀)၊ မယ်ဇယ် (၆၀)ပင်၊ ရင်းမာ (၁၅၀)၊ သခွပ်(ဟင်းငုတ်) (၅)ပင် စုစုပေါင်း (၁၀၀၀)ပျိုးပင်တို့ကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်ရည်ရွယ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါ ဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ