ပခုက္ကူ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀၁) ခြေမြန်ဌာနချုပ်နယ်မြေဝန်းအတွင်း၌ ရာဇမုနိအောင်တော်မူဆုတောင်းပြည့်စေတီတော် ရွှေထီးတော်စိန်ဖူးတော်တင်လှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တာ့၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့)တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်ဆရာတာ်များက ရွတ်ပွားသရဇ္ဈာယ်တော်မူသော ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ ဦးဆောင်ဘုရားဒါယကာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထက်နှင့် ဇနီးဒေါ်သန္တာနွယ်တို့မှ ဦးဆောင်၍ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ ရွှေထီးတော် စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်)တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပညာဇောတ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်အရှင်သူမြတ်ထံမှ နိုင်ငံတော်ဩဝါဒစရိယဆရာတော်အရှင်သူမြတ်ထံမှ ရေစက်သွန်းချအနုမောဒ နာတရားနာယူကြည်ညိုခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထက်နှင့် ဇနီးဒေါ်သန္တာနွယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ ဧည့်သည်တော်များက ရွှေထီးတော် စိန်ဖူးတော်တို့အားပင့်ဆောင်၍ စေတီတော်အား လက်ျားရစ်သုံးကြိမ်လှည့်လည်ပူဇော်ပြီး နတ်ပန်းရထားဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကာ ရာဇမုနိအောင်တော်မူဆုတောင်းပြည့် စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြသည်။
အဆိုပါ ရာဇမုနိအောင်တော်မူဆုတောင်းပြည့်စေတီတော်၏ လုံးပတ်တော်မှာ ၁၆ ပေခွဲ၊ ရေကန်ပါရင်ပြင်တော်အကျယ် အဝန်း ၃၆ ပေ၊ ဘုရားဉာဏ်တော် ၁၁ တောင်၊ ပန်းတင်ခုံအမြင့် ၂ ပေ ၉ လက်မရှိပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ပန္နက်တော်တင်နှင့် ရတနာအုတ်မြစ်တော်စီမဟာမင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)