သဲကုန်း သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုများပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း သဲကုန်း၏ သာဓုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဲကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေက ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းဇော်က ဆက်သွယ်ရေးကိရိယာဆိုင်ရာမိုဘိုင်းဖုန်းများ၊ Social Media များ၊ အွန်လိုင်းဆိုင်ရာဂိမ်းများနှင့် Website Application များ စသည့်နည်းပညာများကို အသုံးပြု၍ အုပ်စုဖွဲ့ငွေကြေးလိမ်လည်မှုဖြစ်စဉ်များအကြောင်း ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ဇင်အောင်က ဆက်သွယ်ရေးဥပဒေဆိုင်ရာ အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောကာ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို ၂ ခုအား ပရိုဂျက်တာဖြင့် ဆင့်ပွားအသိပညာပေးပြသခဲ့သည်။
အဆိုပါအခမ်းအနားသို့ သဲကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)