ပွင့်ဖြူ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရများ စားသုံးနိုင်စေရန်၊ ကိုယ်ကာယကျန်းမာစွာ ပြုမူနေထိုင်တတ်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်သည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အဆိုပါ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားတွင် ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က မြို့နယ်အတွင်းရှိ ကလေးငယ်တိုင်း ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးစေရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများ မှီဝဲစားသုံးခြင်းဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအကြောင်းနှင့် အာဟာရဖွံ့ဖြိုးရေး၏ ကျန်းမာရေးအတွက် အရေးပါပုံအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်နှင့် အဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့ မိခင်နှင့်ကလေးကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နို့ဆန်ပြုတ်များတိုက်ကျွေးပြီး ကျန်းမာရေးအာဟာရဖွံ့ဖြိုးမှု ရှိ/မရှိ လက်မောင်းအားတိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)