မင်းဘူး ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြီး မြို့နယ်အဆင့်မှ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ဝင်ရောက် ယှဥ်ပြိုင်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်များမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရေးတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲညွန့်က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဌ ဦးအောင်မြင်က ပြိုင်ပွဲနှင့်ပတ်သက်၍ လိုအပ်မည့်ပစ္စည်းများနှင့် ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ သက်ဆိုင်ရာ ပြိုင်ပွဲကျင်းရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် တာဝန်ယူရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)