မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

မကွေး သြဂုတ် ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအဆင့် အောင်ချက် အကောင်းဆုံးရရှိသည့် မြို့နယ်များ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း “ဂုဏ်ပြုပွဲ” အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသူများ၊ တိုင်း/ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဆုရမောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသူလေးများက ပန်းကလေးများရဲ့ ဥယျာဉ်မှူး တေးသီချင်းဖြင့် သီဆို ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုသြဝါဒစကား ပြောကြားရာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသား ပညာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဖြင့် ပညာရေးကို အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ နိုင်ငံတော်ရဲ့ ဆောင်ပုဒ် အဖြစ်လဲ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့၊” “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့၊” “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့၊” ဆိုပြီး ပညာရေးအတွက် အထူးအလေးထား နေတယ်ဆိုတာ သိစေလိုပါကြောင်း၊ ဒီနှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မကွေးတိုင်းဒေသကြီး အောင်ချက်ရာခိုင်နှုန်း (၅၁.၅၀) ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး စတုတ္ထအဆင့် ရရှိခဲ့ပါကြောင်း၊  အထူးအားဖြင့် သိပ္ပံဘာသာတွဲမှာ တစ်နိုင်ငံလုံး ပထမဖြင့် မောင်ဂျူးသက်ကို ရရှိခဲ့ပြီး လူရည်ချွန်သုံးထပ်ကွမ်း တစ်ယောက်လဲ ဖြစ်ပါကြောင်း၊ ထို့အတူ (၆)ဘာသာဂုဏ်ထူးရှင်(၃၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၆၆)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၃၁)ဦး ရရှိခဲ့ကြောင်း၊ တိုင်းအဆင့်မှာ သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ၊ ဝိပ္ပံတွဲမှာ အဆင့်(၁)မှ(၁၀)အထိ ရရှိသူများနဲ့ အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့တဲ့ ဆရာ/ ဆရာမများကိုလဲ ချီးမြှောက် ဂုဏ်ပြုသွားမှာဖြစ်ပါကြောင်း၊ အခြေခံပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် ၂၀၂၅ ခုနှစ်အောင်ချက်မြင့်မားရေးကို စွမ်းစွမ်းတမံပါဝင်ကူညီခဲ့ကြတဲ့ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပညာရေးမှူးနဲ့တကွ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်း တည်ထောင်သူများ၊ အုပ်ချုပ်သူများ၊ သင်ကြားရေးဆရာဆရာမ များအားလုံးကို တိုင်းအစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း၊ လာမဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးနဲ့ နိုင်ငံတော်အဆင့် ပထမ ရရေး၊ နိုင်ငံတော်အဆင့် အမှတ်အများဆုံး ကျောင်းသားကျောင်းသူ ပိုမိုများလာရေး၊ (၆)ဘာသာ၊ (၅) ဘာသာ(၄)ဘာသာ ဂုဏ်ထူးရှင်များများ ပေါ်ပေါက်ရေး၊ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်သူများ ဖြစ်ရေး  အောင်ချက်နိမ့်ကျောင်းများ ပိုမိုကြီးကြပ်ကူညီသွားရေး မှာကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးသို့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကြွရောက်ပြီး တိုင်းဒေသကြီးအတွက် လိုအပ်တဲ့ လမ်းညွှန်မှုများပေးသွားပြီး နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသား မောင်ဂျူးသက်ကိုနဲ့ (၆)ဘာသာ ဂုဏ်ထူးရှင် မဟန်နွယ်မိုးဇင်တို့အား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို မင်းဘူးမှာ ပေးအပ်သွားခဲ့ပါကြောင်း၊ ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ကောလိပ်များ လုံလောက်စွာ ရှိပြီးဖြစ်သဖြင့် ဒေသအတွက်လိုအပ်သည့် ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သွားကြရန် မှာကြားလမ်းညွှန်ခဲ့ပါကြောင်း၊ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဒီနှစ်ကစပြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေး တက္ကသိုလ် တက်ရောက်ခွင့်ရသူများအနက် စိုက်ပျိုးရေးကျောင်းသားကျောင်းသူ (၁၀)ဦး၊ မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးကို တစ်လလျှင် ကျပ်(၁၅၀၀၀၀)တစ်သိန်းခွဲနှုန်း နှစ်တိုင်းချီးမြှင့်သွားမှာ ဖြစ်ပါကြောင်း၊ အထူးအားဖြင့် အမှန်တကယ်ဆင်းရဲနွမ်းပါးသူ၊ တောင်သူလယ်သမားသားသမီးများ ဦးစားပေး ရွေးချယ်သွားမှာဖြစ်ပြီး မတော်တဆ ကျရှုံးသွားရင်တော့ ထောက်ပံ့မှု ရပ်ဆိုင်းသွားမှာဖြစ်ပါကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများက ကျောင်းသား၊ ကျောင်းသူများ အထူးဦးစားပေးမှာဖြစ်လို့ ကြိုးစားသွားကြဖို့မှာကြားလိုကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ပညာတတ်များ ပေါများရေး၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ်ထားပြီးဖြစ်လို့ တက်ရောက် ကျောင်းသား ဦးရေတိုးလာစေရေး အသိပညာရှိမှသာ အတတ်ပညာများ ရရှိမည်ဖြစ်၍ တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တစ်ကိုယ်တော် တယောနှင့် အဖွဲ့လိုက်တယော တီးခတ်ခြင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်အဆင့် သိပ္ပံဘာသာတွဲ ပထမ၊ မကွေးတိုင်းဒေသကြီးအဆင့် သိပ္ပံဘာသာတွဲ ပထမရရှိသူ မောင်ဂျူးသက်ကိုအား ဂုဏ်ပြုမှတ်တမ်းလွှာဆုတံဆိပ်၊ ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ်သိန်း(၂၀၀)နှင့်  အောင်ချက်အကောင်းဆုံးမြို့နယ်(၃)မြို့နယ်၊ အောင်ချက်အကောင်းဆုံးကျောင်း (၆)ကျောင်းနှင့်  ဘာသာစုံ ဂုဏ်ထူးရကျောင်းမှ ကျောင်းအုပ်ကြီး (၅) ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုမှတ်တမ်းလွှာ ဆုတံဆိပ်၊ ဂုဏ်ပြုဆုချီးမြှင့်ငွေများကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တိုင်းဒေသကြီးအဆင့်တွင် (သိပ္ပံတွဲ) အမှတ် အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၉)ဦးအား မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦးကလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တိုင်းဒေသကြီးအဆင့်တွင် (ဝိပ္ပံတွဲ) အမှတ် အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ (ဝိဇ္ဇာတွဲ) အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့အား ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူး ရရှိသူ(၃၄)ဦး၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူး ရရှိသူ (၆၆)ဦး၊ ၄ ဘာသာဂုဏ်ထူးရရှိသူ (၁၃၁) ဦးတို့အား တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ငွေများကို အသီးသီးချီးမြှင့်ပေးအပ်ကာ၊ ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူးရအောင် သင်ကြားပေးသော ဘာသာပြ ဆရာ၊ ဆရာမ(၄၄) ဦးတို့အား ဂုဏ်ပြုဆုငွေများကို မကွေးမြို့ရှိ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များက အသီးသီးချီးမြှင့်ပေးခဲ့သည်။

ထို့နောက် အထက(ခွဲ)ဆားစည့်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ အခမ်းအနားတွင် ပါဝင်ခဲ့သည့် ဘင်ခရာ၊ ပန်းပွားနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ