ကျောက်ဆည်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကျောက်ဆည်   ဩဂုတ်  ၂၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့  မွန်းလွဲ ၂နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရေးပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အမှတ်(၁) အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက လက်ဆောင်များ ပေးအပ်သည်။

စုစုအေး(ကျောက်ဆည်)