မင်းဘူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

မင်းဘူး ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းဝေးတွင် မင်းဘူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်ကော်မတီဌာနနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကို ဖွဲ့စည်းထားရှိပြီး၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမည့် ကလေးများအပေါ်တွင် မူတည်သောကြောင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသော  ကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ပေးခြင်းလုပ်ငန်းများကို ဌာနတစ်ခုတည်းကသာမက ကော်မတီဝင်ဌာနများနှင့် အခြားအဖွဲ့အစည်းများကပါ ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် UNCRC က သတ်မှတ်ထားသည့် ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်းမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူ စသည့်အချက်များကို အခြေခံထားပြီး ဦးတည်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး မင်းဘူးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ (တာဝန်ခံ) ခရိုင်ဦးစီးမှူး ဦးမြင့်မြတ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကြရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)