စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ကျေးရွာအုပ်စု(၁၄)အုပ်စုမှ တောင်သူ(၅၈၂)ဦးတို့အား ချေးငွေ(၃၆၇၈)သိန်း ထုတ်ချေး

စလင်း သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ပေးသွင်းသူ တောင်သူများအား ယမန်နေ့နံနက်ပိုင်းမှ နေ့လယ် ၂ နာရီအချိန်အထိ ဒါးဆွယ်ကန်အုပ် စုနှင့် သရက်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေစည်းကမ်းချက်များနှင့်အညီ ချေးငွေထုတ်ချေးသွားမည်ဖြစ်ပြီး အစောဆုံးပြန်လည်ပေးဆပ်ခဲ့သော တောင်သူတစ်ဦးချင်းစီထံသို့ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်လ ၁၃ ရက် နေ့မှစတင် ထုတ်ချေးခဲ့ပေးခဲ့ပြီး တောင်သူများအား သြဂုတ်လ ၂၆ ရက်နေ့တွင် ဒါးဆွယ်ကန်အုပ်စုမှ တောင်သူ ၁၁ ဦး သရက်ကုန်းကျေးရွာအုပ်စုမှ တောင်သူ၄ဦး စုစုပေါင်း ၁၅ ဦးနှင့်အတူ မိုးရာသီစိုက်ပျိုးစရိတ် မိုးစပါးနှင့် နှမ်းစိုက်ပျိုးလုပ်ကိုင်ရန် ထုတ်ချေးလျက်ရှိရာ မိုးစပါးစိုက်ဧက ၂၄၁၀ နှမ်းစိုက်ပျိုးဧက ၆၃ ဧက၊ စုစုပေါင်း၂၄၇၃ ဧကအတွက် ကျပ်သိန်းပေါင်း ၃၆၇၈ အား တောင်သူ ၅၈၂ ဦးတို့အား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဌေးလွင်ထံမှ သိရသည်။

မောင်လွင်(စလင်း)