ငဖဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်း ဆောင်ရွက်


ငဖဲ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အတွင်းရေးမှူး ရဲမှူးသန်းဇော်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမင်းသီဟသန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြသည့်စက်အသုံးပြုခြင်းဆိုင်ရာ ကိုင်တွယ်ထိန်းသိမ်းနည်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုနည်းများကို ရှင်းလင်းပြသပေးပြီး တက်ရောက်လာသော ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို  ညနေ ၄ နာရီထိ အပိုင်း ၃ ပိုင်းခွဲ၍ လူဦးရေ စုစုပေါင်း ၉၈၀ ဦးအား လက်တွေ့သရုပ်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)