ပွင့်ဖြူမြို့နယ်၌ မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေး

ပွင့်ဖြူ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ပြည်သူများအနေဖြင့် အမှိုက်များကို စွန့်ပစ်ရာ၌ အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေး၊ စာသင်ကျောင်းများနှင့် မြို့တွင်းလမ်းဆုံလမ်းခွနေရာများတွင် အမှိုက်အမျိုးအစားခွဲခြား၍ အမှိုက်စွန့်ပစ်နည်း အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများပူးပေါင်းအဖွဲ့က မြို့ပေါ်ရှိစာသင်ကျောင်းများ၊ မြို့မစည်ပင်သာယာဈေးအနီးနှင့် မြို့တွင်းလမ်းဆုံလမ်းခွနေရာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် ခရီးသွားပြည်သူများကိုတွေ့ဆုံကာ မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များစွန့်ပစ်ရာတွင် ခြောက်သွေ့သော ကတ်ထူ စက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သား စသည့် စွန့်ပစ်ပစ္စည်းများကို အမှိုက်ခြောက်အဖြစ် သတ်မှတ်ထားသဖြင့် အဝါရောင်အမှိုက်ပုံးတွင် စွန့်ပစ်ကြရန်၊ အမှိုက်အစိုများ၊ မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများကို အစိမ်းရောင်အမှိုက်ပုံးတွင် စွန့်ပစ်ကြရန်၊ ပလတ်စတစ်အမှိုက်များကို အပြာရောင်အမှိုက်ပုံးတွင် စွန့်ပစ်ကြရန်၊ လျှပ်စစ်နှင့် ဓာတုဆိုင်ရာဘေးအန္တရာယ်ပစ္စည်းများကို အနီရောင်အမှိုက်ပုံးတွင် စွန့်ပစ်ကြရန်သတ်မှတ်ထားရှိသဖြင့် မိမိတို့စွန့်ပစ်သည့် အမှိုက်များကို အမျိုးအစားအလိုက် ဝါ ၊ စိမ်း ၊ နီ ၊ ပြာခွဲခြားကာ စနစ်တကျ စွန့်ပစ်ကြရန် အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က ပြည်သူများ အမှိုက်အမျိုးအစားခွဲခြားပြီး စနစ်တကျစွန့်ပစ်သည့် အလေ့အကျင့်များရရှိစေရန် သတ်မှတ်ထားသော ဝါ ၊ စိမ်း ၊ နီ ၊ ပြာ အမှိုက်ပုံးများအတွင်း အမှိုက်အမျိုးအစားခွဲခြား၍ လက်တွေ့အမှိုက်စွန့်ပစ်နည်းစနစ်များကို သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)