ကယားပြည်နယ် လွိုင်ကော်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲများ ကျင်းပ

လွိုင်ကော် ဩဂုတ် ၂၇

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ လွိုင်ကော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် ဓာတ်ပုံပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲများအပြင် အနုပညာရှင်များ လာရောက်ဖျော်ဖြေမှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပွဲတော်တွင် လူငယ်စကားဝိုင်းကို ဩဂုတ်လ ၂၄ ရက်နေ့နေ့လယ်က အဆိုပါကျောင်း ပညာရတနာခန်းမ၌ကျင်းပရာ လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်သည်။

ဆက်လက်၍ (Grade-12) ကျောင်းသား မောင်နေဘုန်းမြတ်က လူငယ်နှင့်အားကစားခေါင်းစဉ်၊ (Grade-12) ကျောင်းသား မောင်စောဘုန်းပြည့်သက်နှစ်က လူငယ်နှင့် I.C.T နည်းပညာခေါင်းစဉ်၊ (Grade-11)ကျောင်းသူ မရွှေယွန်းမီက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်၊ (Grade--10) ကျောင်းသူ မထွန်းဇူဇူးမီက လူငယ်နှင့်စာရိတ္တခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသူများကိုမေးမြန်းခြင်း၊ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပါဝင်ဆွေးနွေးသူကြများအား ပေးအပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ဆက်လက်ကျင်းပရာ စာရေးဆရာမ ဒေါ်နီနီဝင်းမဟူရာ(လွိုင်ကော်)က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။ ယခုကျင်းပသည့် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုတွတ် (ပြန်/ဆက်)