မင်းဘူးမြို့ ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မင်းဘူး ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တပ်မြေတို့ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို  ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်းဘူးမြို့ ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တပ်မြေကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုယ်စား မူလတန်းပြဆရာမ တစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ကျောင်းသားလူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နှုတ်မှု စွမ်းရည်ထက်မြက်လာစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-8 မှ ကျောင်းသား မောင်နိုင်သူဝင်းက “လူငယ်နှင့် နိုင်ငံရေး၊ Grade-8 မှ ကျောင်းသား မောင်ဘုန်းမြင့်က “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး”၊ Grade-8 မှ ကျောင်းသူ မငြိမ်းချမ်းသူက လူငယ်နှင့် ပညာရေး၊ Grade-8 မှ မနော်ဖောအေးက “လူငယ်နှင့် စာဖတ်ခြင်း၊ Grade-8 မှ ကျောင်းသူ မဇာဇာထွန်းက “လူငယ်နှင့် အင်တာနက်” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးကြသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးပြဘုတ်များ၊ မူးယစ်အန္တရာယ် အသိပညာပေး အကြောင်းအရာပါ နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)