မင်းလှမြို့နယ်တွင် အိုင်အိုဒင်းဆားသုံးစွဲရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

မင်းလှ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အိုင်အိုဒင်းဆားသုံးစွဲရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ဇေယျာသီရိဈေးတွင် အိုင်အိုဒင်းဆားရောင်းချခြင်း၊ ဝယ်ယူစားသုံးခြင်း ရှိ/မရှိ စျေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဇေယျာသီရိဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များတွင် ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်းအရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွှင့်ဆုံးရှုံးမှုမရှိရေး လုံခြုံစွာဖုံးအုပ်အသုံးပြုကြရန် လိုအပ်ကြောင်းနှင့် အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် မရှိမဖြစ်သော အာဟာရဓာတ်တစ်ခုဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးခြင်း၊ ဉာဏ်ရည် နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီးရောဂါ ခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်း စသည့်ရောဂါများ ခံစားရနိုင်ကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)