ပွင့်ဖြူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU)အဖွဲ့မှ ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်နီးထာစိုးက အဂတိလိုက်စားမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ကျူးလွန်ပါ အရေးယူခံရနိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်ခင်ဌေးစီက ဌာနဆိုင်ရာလုပ်ငန်းများ၏ ခွင့်ပြုရန်ပုံငွေဖြင့် အသုံးစရိတ်များအပေါ် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အဂတိတရား(၄)ပါး ကင်းရှင်းရေးလိုက်နာရန် အချက်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးကျော်သူရက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်စပ်လျဉ်း၍ အဂတိတရားကင်းရှင်းရေး ဆောင်ရွက်ရန်အချက်များကိုလည်းကောင်း၊ ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမင်းအောင်က အဂတိလိုက်စားမှု ကျူးလွန်ပါက အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးခိုင်လင်းကိုက နိုင်ငံတော်အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ခံမှုအပေါ် အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်ရန်အချက်များကိုလည်းကောင်း ကဏ္ဍအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ကာကွယ်ရမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )