ဂန့်ဂေါ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ပြည်သူများ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် အိမ်ထောင်စုပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြောက်ကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောတိုက်ရပ်ကွက်နှင့် မြို့မရပ်ကွက်များသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင်ဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု များတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် အိမ်ထောင်စုပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းတို့ကို သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၂၇ တွင် မည်သူမဆို ပုဒ်မ ၁၇၊ ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ တိုပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်လျှင် ထိုသူကို ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်ပြီး ငွေဒဏ်ပေးဆောင်ရန်ပျက်ကွက်ပါက ထောင်ဒဏ်ခုနှစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်နိုင်ကြောင်း ပြဌာန်းထားရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ၂၀ နှင့် ၃၂ တို့တွင် သတ်မှတ်ထားရှိသည့် ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ဝင်းက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် နေထိုင်သူများအနေဖြင့် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတင်းပေးပို့ကာ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါ မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုင်ရာကိစ္စရပ်များ အသိပညာပေးဟောပြောခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း ဦးဆောင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း