စစ်တွေ ဩဂုတ် ၂၆
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အခြေခံပညာအဆင့်၏ နောက်ဆုံးမှတ်တိုင်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲရလာဒ်သည် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများ၊ သင်ကြားပေးသူဆရာ၊ ဆရာမများအတွက် အလွန်တရာမှ စိတ်ဝင်တစား မျှော်လင့်စောင့်စားရသည့် ရလာဒ်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်၏ဂုဏ်ကို ဖော်ဆောင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးမည့် အခမ်းအနားဖြစ်သည့် အတွက်ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၁၅၆၄ ဦးရှိရာတွင် အောင်မြင်သူ ၅၅၀ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၁၇ ရရှိသည်ကို တွေ့ရကြောင်း၊ အောင်မြင်သူများတွင် (၄)ဘာသာဂုဏ်ထူးရှင်(၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၉)၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄၇) ဦး ပေါ်ထွန်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေး အခြေအနေများကြားတွင် ကြိုးစားခဲ့ကြသည့် ရခိုင်ပြည်နယ် ပညာရေးမိသားစုနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာများကို အထူးပင်ကျေးဇူး တင်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုသည့် အကြီး မားဆုံးသော အထောက်အပံ့သည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည် အဓိကကျသော အခန်းကဏ္ဍကပါဝင်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရန်အတွက် တန်ဖိုးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ် လိုအပ်ပြီး ပညာတတ်ကျွမ်းကျင်သူ များရရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များတွင် ယခုထက်အရေအတွက်၊ အရည်အသွေးပါ တိုးတက်မြင့်မားသော ထူးချွန်လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရန် ယခုကတည်းက လိုအပ်သော လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ကြရန် တာဝန်ရှိသူများကို မှာကြားလိုကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည် မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မပြီးဆုံးနိုင်သေးသော ပညာရေးခရီးကို ဉာဏ်ပညာ၊ လုံ့လဝိရိယများနှင့် ရှေ့ဆက်ရမည်ဖြစ်သည့်အတွက် အလေ့အကျင့်အတွေ့အကြုံကောင်းများနှင့်အတူ ပညာပြည့်ဝ နှလုံးလှသည့် နိုင်ငံတော်က အားကိုးအားထားပြုရသော သားကောင်း၊ သမီးရတနာများ ဖြစ်လာအောင် ဆက်လက်အားထုတ်ကြိုးပမ်းသွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က (၄) ဘာသာနှင့် (၃) ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အနာဂတ်လူရည်ချွန် သီချင်းဖြင့်ကပြဖျော်ဖြေကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က (၂) ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် အမှတ် (၄) ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က (၁) ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးက ရခိုင်ပြည်နယ်အောင်ချက် အကောင်းဆုံးဆုရကျောင်းအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပြီး (၄) ဘာသာ ဂုဏ်ထူးရှင် မောင်စိုးမင်းအောင်က ကျေးဇူးတင်စကားပြောကြားကာ ရခိုင်ပြည်နယ် ပညာရေးကဏ္ဍဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုအားပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၏ မိဘများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အခမ်းအနားတွင် ကပြဖျော်ဖြေကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)