အိမ်မဲ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာ့ဗိမာန်ခန်းမတွင် မြန်မာ့ရိုးရာယဥ်ကျေးမှုကို ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်ပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု မြို့နယ် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အိမ်မဲ မြို့နယ်တွင် အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့်အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက် မောင်စစ်သွေးအောင်မှ တက်ရောက်လာသူများအားဆိုင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။ ဆက်လက်ပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပရာ အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးသီချင်း၊ ကဗျာလွတ်အကအဖွဲ့ (၅)ဖွဲ့မှ ယှဥ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် (၁၀နှစ်မှ ၁၅နှစ်)အဆိုပြိုင်ပွဲဝင်မှ ခေတ်ဟောင်းကာလပေါ်သီချင်း၊ အတီးပြိုင်ပွဲဝင်မှ တယောတီးခတ်ယှဥ်ပြိုင်ခြင်း၊ တပင်တိုင်အက၊ ကျေးလက်ယိမ်းအကအဖွဲ့ (၈)ဖွဲ့မှ ယှဥ်ပြိုင်ခြင်း၊ ပတ္တလားတီးခတ်ယှဥ်ပြိုင်ခြင်းနှင့် မယ်ဒလင်တီးခတ်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါဆုရရှိသောပြိုင်ပွဲဝင်များသည် သြဂုတ်လ (၂၇)ရက်နေ့၌ မြောင်းမြခရိုင်တွင် ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မြို့နယ် ကိုယ်စားပြုဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)