တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ပုသိမ်  ဩဂုတ်  ၂၄

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များ အား ခုတ်ထွင်ရှင်းလင်းနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး အတွက်စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ အလားတူဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာများသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေစည်းခုံဘုရားလမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်း(၁၉ပေ×၂၅ပေ×၁၁ပေ) တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တံတားဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြခတ်ချောင်ကျေးရွာ၊ တောင်သူဉီးဋ္ဌေးလွင်၏ စိုက်ဧက(၅)ဧကတွင်အောင်နိုင်တိုးစပါးမျိုးအား ကောက်စိုက်လုံမေများနှင့် မိုးစပါး(ရေတော်မိုးတော်) ထွန်တုံးပိတ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ “ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ တိုးတက် ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဖြင့် ဆောင်ရွက်ကြရမည့်အပြင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိုးကျ ထည့်သွင်းစိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မိုးစပါးပန်းတိုင် အထွက်နှုန်း ရောက်ရှိရေးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများတွင် ကျောင်းနေအရွယ်ကလေးများ အားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးကပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း၊ လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက်တာဝန်ရှိသူများမှ စာရင်းများမှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များစိစစ်၍လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာ ပြည်သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် စာရင်းဇယားများမှန်ကန်မှုရှိစေရေးအတွက် စနစ်တကျမှတ်တမ်းများဖြင့် ဆောင်ရွက်သွားရန်”မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူဦးရေစာရင်းကောက်ယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများ ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များနှင့် စာရေးကိရိယာများပေးအပ်ခဲ့ပြီးနောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ မြန်မာအီလက်ထရောနှစ်မဲပေးစက် (MEVM)နှင့်ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားမှုနှင့် တက်ရောက်လာကြသူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲ‌ပေးခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃)ဖြင့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးနေမှုအားလည်းကောင်း၊ မဲစာရင်းပြုစုရာတွင်အခြေခံသည့် လူဦးရေစာရင်းအချက်အလက်များ မှန်ကန်မှုရှိစေရေး ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုတွင် တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမြင့်မိုရ် စက်မှုလုပ်ငန်းသို့သွားရောက်၍ မျိုးစေ့ချကိရိယာ(Drum Seeder)များ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် လက်စွဲကိုင်းများ၊ မျိုးစေ့ဗူးများ၊ ဘီးခွေများ ထုတ်လုပ်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ မျိုးစေ့ချကိရိယာ(Drum Seeder)များတပ်ဆင်ထုတ်လုပ်မှုအခြေအနေများ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့ချကိရိယာ(Drum Seeder)များထုပ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းမွန်သည့် မျိုးစေ့ချကိရိယာများထုတ်လုပ်နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးမှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)