နတ်တလင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားဖွင့်လှစ်

နတ်တလင်း  ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့ အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကိုအခြေခံ၍ ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (နတ်တလင်း)တွင် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည်။

ဦးစွာ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးဖွင့်ပွဲ အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်၊ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံး (ပြည်မြို့)ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မဉ္ဇူအေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ Online မီဒီယာများတွင် စာဖတ်ရှုနိုင်သည်ဖြစ် သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေသည်ဖြစ်၍ မိမိတို့ဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုကြောင်း၊ စာအုပ်စာပေ ဖတ်ရှုမှုသည် မိမိတို့ဘဝကို အကျိုးပြုနိုင်တဲ့အတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေနိုင်မည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန် လိုအပ်ကြောင်းပြောကြားပြီး တိုင်းဒေသကြီးအစိုးက လှူဒါန်းသည့် စာအုပ်စာစောင်များကို မြို့နယ်ပညာရေးမှူး ဦးဘိုဘိုအောင်ထံလည်းကောင်း၊ စာပေဟောပြောသည့် စာရေးဆရာများနှင့်ဆုရ ကျောင်းသား၊ ကျောင်းသူများ ဖျော်ဖြေတင်ဆက်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်းအသီးသီး ပေးအပ်ခဲ့ သည်။

ထို့နောက် လူမှုရေးရာဝန်ကြီး၊ တိုင်း/ခရိုင်အဆင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံပညာနှင့်ပတ်သက်သည့် ပြိုင်ပွဲဝင်နေမှုများ၊ ဂိမ်းကစားမှုအပြင် စိတ်ဝင်စားဖွယ်ရာ ကလေးစာဖတ်ခန်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊စာအုပ်ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့၏ ပြခန်းများ၊ သင်ထောက်ကူပြခန်း၊ ပန်းချီပြခန်းနှင့် စာအုပ်ဈေးရောင်းဆိုင်များ၊ စတုဒီသာကျွေးမွေးခြင်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူ (၂၅၀၀)ဦးခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)