ကြံခင်းမြို့၊ ကမ္ဘာလုံးကျောင်းတိုက်၌ စာအောင်သံဃာများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် မုခ်ဦးထက်ရှိ ကမ္ဘာလုံးစေတီတွင် ထီးတော်တင်ခြင်း အခမ်းအနားကျင်းပ

ကြံခင်း ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ကမ္ဘာလုံးကျောင်းတိုက်၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် စာအောင်သံဃာတော်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မုခ်ဦးထက်ရှိ ကမ္ဘာလုံးစေတီတွင် ထီးတော်တင်မင်္ဂလာအခမ်းနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမ္ဘာလုံးကျောင်းတိုက် မုခ်ဦးအား ပြုပြင်မွမ်းမံ၍ ကမ္ဘာလုံးစေတီတွင် ထီးတော်တင်ခြင်း မင်္ဂလာအခမ်းအနားကို ပြုလုပ်ရာ သာသနဓဇဓမ္မာစရိယ၊ အသောကာရာမိက သာသနာပါလ ဓမ္မာစရိယ အရှင်တေဇာနန္ဒနှင့် အလှူရှင် တပည့်ဒါယကာ၊ ဒါယိကာမများက ထီးတော်တင်လှူပြီး အမွေးနံသာရည်တို့ဖြင့် ပက်ဖျန်းကြသည်။ ထို့နောက် ဓမ္မာရုံတော်ကြီးတွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုပွဲကို ဆက်လက်ပြုလုပ်ရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ သာသနဓဇဓမ္မာစရိယ၊ အသောကာရာမိက သာသနာပါလဓမ္မာစရိယ အရှင်တေဇာနန္ဒထံမှ အလှူရှင်တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် စာအောင်သံဃာတော်များအား အလှူရှင်များက အသီးသီး လှူဖွယ်ပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ကမ္ဘာလုံးကျောင်းတိုက် ဦးစီးပဓန ဆရာတော်ထံမှ ရေစက်တရားနာယူကာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ အဆိုပါ စာအောင်သံဃာများဖြစ်ကြသော ၂၀၂၄ ခုနှစ်တွင် အခြေပြုမူလတန်းအောင် ရှင်အဂ္ဂဉာဏနှင့် ရှင်ဓမ္မိကတို့အားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမတန်းအောင် ရှင်ပညာနနတို့အား ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)