ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေး ဩဂုတ် ၂၃

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်သတိပေးချက်များ၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို သိရှိလိုက်နာကြစေရန်  ရည်ရွယ်ချက်ဖြင့် ယမန်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ  ဖြန့်ဝေခြင်း ဆောင်ရွက်ပေးသည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းဌေးအောင်က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် ရခြင်းအကြောင်းရင်းများ၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများမှ  မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပြုကာကွယ်လိုက်နာရမည့် အချက်များ၊ အလားတူ ငလျင်ဘေးအန္တရာယ်ပြင်းအားများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားတတ်၍ သတိပြုလိုက်နာရမည့်အချက်များ၊ ငလျင်လှုပ်ခတ်နေစဥ်ကာလ/ငလျင်လှုပ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမည့်အချက်များ၊ အရေးပေါ်လိုအပ် မည့်ပစ္စည်းများ ကြိုတင်စုဆောင်းထားရမည့် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်ကြရေးတို့ကို ရှင်းလင်းဟောပြောပေးသည်။

ထို့နောက် ဟောပြောသည့် အကြောင်းအရာအလိုက် မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ