ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကြံခင်း ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားပြီး “ဆေးလိပ်နှင့် ဆေးလိပ်ငွေ့၏ အန္တရာယ်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀ ဦး ဝင်ရောက်ဖြေဆိုကြသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများမှ နေ့ထူးနေမြတ်များ၊ အထိမ်းအမှတ်နေ့များတွင် စာစီစာကုံးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင် တတ်လာစေရန်၊ စာပေဖတ်ရှု လေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်များတွင် အထောက်ကူပြုစာပေများ ရှာဖွေတတ်လာစေရန်နှင့် ဗလငါးတန်ပြည့်စုံလာစေရန်အတွက် စဉ်ဆက်မပြတ် ပြိုင်ပွဲများကို (Community Centre)ခန်းမ၌ ကျင်းပပေးလျက်ရှိသည်။

မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ကြံခင်း-ပြန်/ဆက်)