ဒိုက်ဦးမြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဒိုက်ဦး ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၃၀‌)‌ ခြေလျင်တပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင်  ဒိုက်ဦးမြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၃၀)ခြေလျင် တပ်ရင်းမှဗိုလ်ကြီး နိုင်လင်းထွန်းက မဲ‌ပေးစက် (MEVM) စက်ဖြင့် မဲပေးခြင်းရခြင်း၏ ရလာဒ်ကောင်းများကို ဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်သင်းလှိုင်က မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် သုံးစွဲပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြား ပြီးနောက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ တပ်ဆင်ပုံ၊ မဲပေးချိန်နှင့်မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံး ပြုပုံနည်းစနစ်များအား ရှင်းလင်းပြသပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်တပ်ရင်းရှိ အိမ်ထောင်စုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ကိုယ်တိုင်လက်တွေ့ စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)