ပန်းတနော်မြို့နယ်၌ ကျေးလက်နေပြည်သူများ မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးတတ်စေရန် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ပန်းတနော် ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ များမကြာမီ အချိန်ကာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်မည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) ကို ကျေးလက်နေပြည်သူများ ကိုင်တွယ်အသုံးပြု၍ မဲပေးတတ်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပပြုလုပ်သည့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ပေပင်မြောက်ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) အား ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အဆိုပါ မဲပေးစက်၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့် စသည့် အကြောင်းအရာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော ပေပင်မြောက်ကျေးရွာအုပ်စုတို့မှ ဒေသခံများက အဆိုပါစက်၏ လုပ်ဆောင်ချက်များနှင့် သိရှိလိုသော မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ကျေးလက်နေပြည်သူများက မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)အား စိတ်ပါဝင်စားစွာဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)