ဓနုဖြူမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ

ဓနုဖြူ သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.မ.က(တောင်ပိုင်း) ကျောင်းသား၊ ကျောင်းသူများက ကချင်ယိမ်းအကဖြင့် ကပြဖျော်ခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကား ပြောကြားရာ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသည့် ပညာရေးဌာနမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ အလှူရှင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး အောင်မြင်စွာ ဆောင်ရွက်ပေးကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပေးခြင်းဟာ စာဖတ်သူတိုင်း စာဖတ်ကြစေဖို့နဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူများသည် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့ အစည်းဖြစ်နေရန် လိုအပ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ယခုလို ကျင်းပပေးရုံတင်မက ကလေးများအား စဉ်ဆက်မပြတ် စာဖတ်ရှိန်မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့များ၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ စာပေဟောပြောပွဲတွင် ဟောပြောပေးခဲ့သော စာရေးဆရာများ၊ အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)