သနပ်ပင်မြို့နယ်၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

သနပ်ပင် ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးပိုင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုသန္တာက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် သုံးစွဲပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားပြီးနောက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များတပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များအား ရှင်းလင်းပြသပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)