နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

တပ်ကုန်း ဩဂုတ် ၂၂

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ်အနေဖြင့် ရေဘေး၊ ငလျင်ဘေးများ စိန်ခေါ်မှုများခံခဲ့ရသောကြောင့် သီးနှံများ ထိုက်သင့်သော ဈေးနှုန်းများရရှိအောင် ကုန်စည်ဒိုင်ဖွံ့ဖြိုးလာရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် မြေဩဇာနှင့်သဘာဝမြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ တောင်သူတိုင်း သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ရေး၊ တောင်သူများသီးနှံစိုက်ပျိုးမှု အခက်အခဲများကို ဌာနဆိုင်ရာများ၊ ကုန်သည်ပွဲစားများမှ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး၊ လယ်ယာမြေများ တန်ဖိုးထားလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးနိုင်ရေး၊ ပြည်ပစားသုံးဆီများ လျော့ချသုံးစွဲအောင် ဒေသအတွင်း နေကြာ၊ နှမ်း မြေပဲ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါသီးနှံလျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ဝါသီးနှံများမှ ဝါဂွမ်းအဆင့်၊ ချည်မျှင်အဆင့်၊ အဝတ်အထည်အဆင့်အထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးဒဏ်ကာကွယ်နိုင်အောင် သစ်ပင်၊ သစ်တောထိန်းသိမ်းစိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် သပြေကုန်း၊ ကင်းသာ၊ မကျီးကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ရေဘေးကြောင့် လယ်မြေများ နုန်းတင်ယာမြေအဆင့်ပြောင်းလဲမှု၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်မှု၊ ရေသွယ်မြောင်း၊ ရေဆိုးထုတ်မြောင်းတူးဖော်မှုများ ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်က နိုင်ငံ့စီးပွားမြင့်တင်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေး၊ (MSME)ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ မြို့နယ်ဆီကုန်သည်အသင်းမှ တန်ဖိုးသင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာပြုလုပ်ပုံအဆင့်ဆင့် ပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်