ဝမ်းတွင်းမြို့နယ်တွင် စပါးမျိုးစေ့ချစက် (Seedling Machine) ဖြင့် မိုးစပါးပျိုးထောင်းခြင်း သရုပ်ပြပွဲကျင်းပ

ဝမ်းတွင်း သြဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် စပါးမျိုးစေ့ချစက် (Seedling Machine) ဖြင့် မိုးစပါးပျိုးထောင်းခြင်းသရုပ်ပြပွဲကို ယနေ့နံနက်က ရိုးစုံကျေးရွာအုပ်စု သပြေသာကျေးရွာ ကွင်းအမှတ် ၁၆၀၂၊ ဦးပိုင်အမှတ် ၇၃/၃ ရှိ တောင်သူ  ဦးထွန်းထွန်းဦး၏ လယ်မြေဧက ၄ ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၀) စက်မှုလယ်ယာစခန်း၊ ဝမ်းတွင်းမြို့နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်းစေရန်၊ လုပ်သားရှားပါးမှုပြဿနာအား ကျော်လွှာနိုင်စေရန်၊ စိုက်ပျိုးစနစ်မှန်ကန်ပြီး ပန်းတိုင်အထွက်နှုန်းတိုးစေရေး၊ ပျိုးထောင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား သိရှိစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချစက် (Seedling Machine)ဖြင့် မိုးစပါးပျိုးထောင်းခြင်း သရုပ်ပြပွဲကိုကျင်းပရာ သရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးသက်ထက်ဇော်က စပါးမျိုးစေ့ချစက်(Seedling Machine)ဖြင့် စပါးပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများ၊ စက်မှုပိုင်ဆိုင်ရာ သိရှိနားလည်သင့်သည့်အချက်များနှင့် စပါးမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ပြီးသော ပျိုးဗန်းများအား ထိန်းသိမ်းစောက်ရှောက်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်မည့် ရုံးစုံကျေးရွာအုပ်စုနှင့်အနီးပတ်ဝန်းကျင်ကျေးရွာအုပ်စုများမှ  ဒေသခံတောင်သူများက စပါးမျိုးစေ့ချစက်(Seedling Machine)ဖြင့် မိုးစပါးပျိုးထောင်ခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး ပြပွဲနှင့်အတူ ခင်းကျင်းပြသထားသည့် လက်စွဲမျိုးစေ့ချကိရိယာ(Drum Seeder)၊ လက်စွဲကောက်စိုက်စက်နှင့် စပါးမျိုးစေ့ချကိရိယာ(10 Rows Seeder) များအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)