ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (MEVM) မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ သရုပ်ပြဆောင်ရွက်

ကျောက်ပန်းတောင်း  ဩဂုတ်၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က(MEVM) မဲပေးစက်နှင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲအရာရှိက မဲပေးစက်တွင် မဲဆန္ဒပြုသူ အရေအတွက်စစ်ဆေးခြင်း၊ Printer မှ ဆန္ဒပြုသူ အရေအတွက်တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များ စစ်ဆေး၍ မဲရလဒ် ထုတ်ပြန်ခြင်းများကို သရုပ်ပြသဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ၊ စုစုပေါင်းအင်အား (၃၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)