မိတ္ထီလာ သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မြင့်က မိတ်ဆက်စကားပြောကြားပြီး ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက်မိတ္ထီလာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်တင်မိုးလတ်က မြန်မာအီလက်ထရောနစ် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် မဲပေးပုံ၊ မဲပေးနည်း အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြပွဲသို့တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက တစ်ဦးချင်းလက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါသရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်တင်မိုးလတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)