ကျောက်ဆည် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီခန့်မှစတင်ကာ ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်(ကျောက်ဆည်) ပင်စင်ဌာနမှ မန်နေဂျာနှင့် ဝန်ထမ်း(၄)ဦးကကြီးကြပ်၍ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ပြီး မြန်မာ့ စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာငွေများထုတ်ယူသည့် နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားဦးရေ (၃၇၉၆) ဦးရှိကြောင်း၊ မြန်မာ့စီးပွား ရေးဘဏ်(ကျောက်ဆည်)နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ပူးပေါင်းကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်ကူလျှင်မြန်စေရေးအတွက် UID ကတ်များရရှိအောင် ဆောင်ရွက်လျက်ရှိပြီး အသက် အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအခက်အခဲများကြောင် UID ကတ် မရရှိသေးသူများအား အိမ်တိုင်ရာရောက် ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် UID ကတ် မရရှိသေးသည့်အငြိမ်းစားဝန်ထမ်းများကိုလည်း မြန်မာ့စီးပွားရေးဘဏ် ပင်စင်ကတ်များဖြင့် ပင်စင်များထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)