ပန်းတောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ်များ ပြုလုပ်ပေးကာ ပင်စင်လစာများ လစဉ်ပုံမှန်ထုတ်ပေး

ပန်းတောင်း သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက်(၈:၀၀)နာရီအချိန်ကစတင်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြုစိစစ်ဆောင်ရွက်ကာ UID ကတ်များ ပြုလုပ်ပေးပြီး ပင်စင်လစာများ လစဉ်ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ လုပ်သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ လျော့ပေါ့ပင်စင်၊ ဆေးပင်စင်စသည်တို့ကို လစဉ်ပုံမှန် ၂၁ ရက်နေ့မှ လကုန်ရက်အထိသတ်မှတ်ကာ ဘဏ်ဖွင့်ချိန်နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အထောက်အထားများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ စနစ်တကျထုတ်ပေးလျက်ရှိပြီး UID နံပါတ်မရရှိသေးသူများအတွက်လည်း ဆက်လက်လုပ်ဆောင်ပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေနှင့် အခြားအခက်အခဲများကြောင့် UID နံပါတ်မရရှိသေးသူများ၏ အငြိမ်းစားလစာများကိုလည်း ယခင်ထုတ်ယူနေကျအတိုင်း မြန်မာ့စီးပွားရေးဘဏ်များတွင် စီစဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)