ပေါက်ခေါင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ပေါက်ခေါင်း ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားကာ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မိခင်နို့စနစ်တကျတိုက်ကျွေးနည်း သရုပ်ပြသင်ကြားပေးခြင်း၊ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား Vitamin-A တိုက်ကျွေးခြင်း၊ MUAC လက်မောင်းလုံးပတ်တိုင်းတာခြင်းနှင့် ကိုယ်အလေးချိန်ချိန်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး အာဟာရအုပ်စုများဖြစ်ကြသော ရောဂါကာကွယ်စေသောအစာအုပ်စု၊ အင်အားဖြစ်စေသောအစာအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာအုပ်စုနှင့် ကြယ်လေးပွင့်အစားအစာများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော မိခင်နှင့်ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသားများက အာဟာရဖြစ်စေသော စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)