ဓနုဖြူမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပညာ့ဗိမာန်ခန်းမ၌ အခမ်းအနားဒုတိယပိုင်းအားဆက်လက်ကျင်းပရာ အ.ထ.က(၂) ကျောင်းသား‌၊ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား/သူ၊ လူငယ်/လူရွယ်များဟာ စာဖတ်သည့်အလေ့အထများ ပေါ်ထွန်းလာပြီး စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်ရှုခြင်းမှသည် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုတို့ ထွန်းကားလာစေပြီး စာဖတ်ရှိန်မြင့်မားခြင်းမှသည် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ စာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး အတွေးအခေါ်မှန်ကန်၍ လူအဖွဲ့အစည်းတွင် တာဝန်ယူဦးဆောင်နိုင်သူများ ဖြစ်လာကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကိုဆရာ/ဆရာမများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(၂)ကျောင်းအတွက် စာအုပ်များကိုလည်း‌ကောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကပြဖျော်ဖြေကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဓနုဖြူမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် လှူဒါန်းခဲ့သည့်အလှူရှင်များကိုယ်စား စီးပွားရေးလုပ်ငန်းရှင် ဦးအေးကြူက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်ထံသို့ အလှူငွေများပေးအပ်ခဲ့သည်။ ၎င်းနောက် ကျောင်းသား၊ကျောင်းသူများက "ပညာဘဏ်တိုက်စာကြည့်တိုက်" သီချင်းဖြင့်လည်းကောင်း၊ "အလှသမိုင်းသစ်သည် ဒို့ဧရာဝတီ"သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဧည့်သည်တော်များက စာပေပြိုင်ပွဲများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်း၊ ဖွံ့ဖြိုးဝေစည်ဧရာဝတီဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ပညာရေးပြခန်းများ၊ စာအုပ်အရောင်းဆိုင် များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို သြဂုတ်လ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိ ၂ ရက်အကြာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)