မြောင်းမြ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ (၁း၀၀) နာရီအချိန်က အ.မ.က သူဌေးကုန်း (ရပ်) ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး အ.မ.က သူဌေးကုန်း(ရပ်) ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇော်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်၊စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)