ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ကြံခင်း ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပူးပေါင်းဖွင့်လှစ် သော အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်စိုးစိုးတင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဥ္ဇာဝင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြား သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အစာအာဟာရအုပ်စုများအကြောင်းပြောကြားပြီးနောက် သင်တန်းအားဆက်လက်ပို့ချပေးခဲ့ရာ သင်တန်း နည်းပြဆရာမ ဒေါ်ဝေဇင်မြင့်အောင်က မေမေတို့အတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ မီးဖွားရန် ပြင်ခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းသန့်ရှင်းရေးနှင့် မိသားစုထမင်းဝိုင်းတွင် အာဟာရပါဝင်မှု နှုန်းမြှင့်တင်ခြင်းစသည့် အကြောင်းအရာများအား သင်တန်းပို့ချ ပေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာ သင်တန်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာသင်တန်းနည်းပြဆရာမက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါသင်တန်းအား မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင် များ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့ဝင်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် မီးခိုးမြူငွေ့အသိပညာပေးနံရံကပ်စာစာင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း