ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်း ညောင်ပင်စျေးတွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဇလွန် ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ညောင်ပင်​စျေးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများအား ကျွေးမွေးခဲ့ကြသည်။ အဆိုပါကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာ အ.မ.က ညောင်ပင်​စျေးကျောင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအုန်းကျော်နှင့်ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေဝါမြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)