ရေကြည်မြို့နယ်၌ ဆန်စက်များမီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရေကြည် ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေကြည်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် မြို့နယ် ရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များမှရေကြည်မြို့နယ်အတွင်းရှိ ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိဘဲ လောင်စာဆီ သိုလှောင်ခြင်း ရောင်းချခြင်းမပြုရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ်မီးကတ်၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျစွန့်ပစ်အသုံးပြုရေး၊ ဈေးဆိုင်တွင်လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထား ရှိရန်၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး အတွက် မီးသတ်ပစ္စည်းကိရိယာဖြစ်သည့် မီးသတ်ဆေးဘူးများဖြင့် ဆန်စက်လုပ်သားများအား ကိုယ်တိုင်လက်တွေ့မီးငြှိမ်းသတ်ပြသခြင်းများသရုပ်ပြ ပြုလုပ်ပေးခဲ့ပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)