ပွင့်ဖြူမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

ပွင့်ဖြူ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ပွင့်ဖြူမြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "အလှဆုံးပန်းများ ပွင့်ကြပြီ"‌ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ စာပေအသိပညာကြွယ်ဝရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝါတပ်ကျောင်း)မှ ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပသော အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း(Never Stop Learning Talk Show)တွင် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် “သူ့ကျွန်မခံပြီ” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ တာဝန်ရှိသူများက ဆုရရှိသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်းနှင့် အသိပညာပေးလှုပ်ရှားမှု နံရပ်ကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းဆွေးနွေးပွဲအပြင် ရောင်စုံဓာတ်ပုံပြခန်း၊ အသိပညာပေးပြခန်းများဖြင့် ဩဂုတ် ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပဆင်နွှဲခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)