ကျိုက်လတ်မြို့နယ်၌ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား ဆန္ဒမဲပေးရာတွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပ

ကျိုက်လတ် ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဝန်ထမ်း နှင့် ဝန်ထမ်းမိသားစုများအား ဆန္ဒမဲပေးရာတွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေညာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်