ကျိုက်လတ် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က သဘာဝ ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြော ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ် အကြောင်းနှင့်သက်ဆိုင်သည်များ၊ မီးခိုးမြူငွေ့ အန္တရာယ် ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ်နှင့် ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့ သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ “အသိပညာပေးဟောပြောပွဲ”သို့ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်