ပခုက္ကူ ဩဂုတ် ၂၁
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအတွင်း ထည့်သွင်းကျင်းပခဲ့သော အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် “အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း” “ Never Stop Learning Talk Show”တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ၊ ဉာဏ်ပဟေဠိပြိုင်ပွဲနှင့် မြန်မာ့စကားပုံဆက်ပြိုင်ပွဲအား လှည့်လည်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း “Never Stop Learning Talk Show” အစီအစဉ်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုချိုမာက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားခဲ့သော “ငဩ” စာအုပ်အပေါ် ကျောင်းသား၊ ကျောင်းသူလေးဦးက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)