ဘိုကလေး ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးခင်မောင်ရင်နှင့်ကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲလင်းထက်နှင့် မဲပေးစက်ကိုင်နည်းပြဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ သာပေါင်း၊ သပြုကုန်း၊ ပိုက်စလ၊ ညီနောင်ဖျား ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများအင်အား (၁၂၀၀) ခန့်တက်ရောက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးခင်မောင်ရင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲလင်းထက်တို့က မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းသော အကြောင်းအရာများ၊ အီလက်ထရောနစ်မဲပေးစက် အသုံးပြု၍မဲပေးခြင်း၏အားသာချက်များအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်ကြသော မဲဆန္ဒရှင်ပြည်သူများက တပျော်တပါးစုပေါင်း၍ စမ်းသပ်မဲပေးကြသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အဆိုပါမြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား စက်တင်ဘာ (၁၁)ရက်နေ့အထိ နေ့စဉ်မြို့နယ်တွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)